ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် (၅၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့မှ (၂၉)ရက်နေ့နှင့် အောက်တိုဘာလ (၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ အစမ်းလေ့ကျင့်ခြင်းအပါအဝင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ (၄)ရက်ကြာ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ သဟာယအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ပါရဂူဘွဲ့ (၃၁)ဦး၊ M.A(TEFL) ဘွဲ့ (၁၀)ဦး၊ ပညာရေးဘွဲ့ (၅၆၇)ဦး၊ Dip ELTM ဒီပလိုမာဘွဲ့ (၄၇)ဦး၊ Dip ECCD ဒီပလိုမာဘွဲ့ (၇၅)ဦး၊ PGDip.Eng ဘွဲ့ Batch-3 (၁၃၆)ဦး၊ Batch-4 (၁၆၆)ဦး၊ Batch-5 (၁၇၇)ဦး၊ Diploma in Education ဘွဲ့ (၁၀၂)ဦး နှင့် ပညာရေးဒီပလိုမာ(စာပေးစာယူ) ဘွဲ့ (၁၇၉၂)ဦး တို့ကို ချီးမြှင့်ပေးခဲ့ပါသည်။
ရန်ကုန်ပညာရေးတက္ကသိုလ်အနေဖြင့် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ဘွဲ့နှင်းသဘင်မှစ၍ ယနေ့(၅၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ဘွဲ့ရမောင်မယ် စုစုပေါင်း (၉၈၂၂၄)ဦးကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ်က ဘွဲ့ရ မောင်မယ်များအား မိန့်ခွန်းမြွက်ကြားရာတွင် “ဆရာသည် လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ပုံဖော်ပေးသူ” ဖြစ်ကြောင်း၊
ဆရာသည် စာအုပ်ထဲရှိ အကြောင်းအရာများကိုသာ သင်ကြားသူမဟုတ်ဘဲ စဉ်းစားတတ်သော လူငယ်များကို မွေးထုတ်ပေးသူ၊ မျှော်လင့်ချက်များကို ရှင်သန်စေသူ၊ အခက်အခဲကြားတွင် လမ်းပြသူ၊ လူ့အဖွဲ့အစည်း၏ တန်ဖိုးများကို မျိုးဆက် တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းပေးသူဖြစ်ကြောင်း၊
ဆရာအတတ်ပညာသည် အသက်မွေးဝမ်းကျောင်းပညာတစ်ခုသာ မဟုတ်ဘဲ အမျိုးသားရေး တာဝန် တစ်ရပ်လည်းဖြစ်ကြောင်းနှင့် ဂုဏ်သိက္ခာရှိသော အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းရမည့် မျိုးဆက်သစ် များဖြစ်ကြောင်း၊
ရန်ကုန်ပညာရေးတက္ကသိုလ်မှ မွေးထုတ်ခဲ့သော ဘွဲ့ရများသည် မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေးဌာနများနှင့် သုတေသနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး မျိုးဆက်ပေါင်းများစွာ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနေသူများဖြစ်ကြောင်း၊
ယနေ့ရန်ကုန်ပညာရေးတက္ကသိုလ်သည် ဆရာမွေးထုတ်ရေးတက္ကသိုလ်တစ်ခု အဖြစ်သာ ရပ်တန့်မနေဘဲ
- အရည်အသွေးအာမခံမှုကို အလေးထားသော တက္ကသိုလ်၊
- သုတေသနကို ဦးစားပေးသော တက္ကသိုလ်၊
- ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်သော တက္ကသိုလ်၊
- AI ခေတ်အတွက် ဆရာများကို ပြင်ဆင်ပေးသော တက္ကသိုလ်၊
- လူမှုအသိုက်အဝန်းကို ဝန်ဆောင်မှုပေးသော တက္ကသိုလ်၊
- နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သော တက္ကသိုလ် အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော တက္ကသိုလ်ဖြစ်ကြောင်း၊
ဆက်လက်၍ ၂၁ ရာစု တက္ကသိုလ်တစ်ခု၏ အရည်အသွေးကို သုတေသန၏ အရည်အသွေး၊ ဆန်းသစ်တီထွင်မှုနှင့် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုတို့ဖြင့် တိုင်းတာလျက်ရှိပြီး
- ဆရာတစ်ဦးသည် သင်ကြားသူသာ မဟုတ်ဘဲ သုတေသီလည်း ဖြစ်ရမည်
- စာသင်ခန်းထဲတွင် တွေ့ကြုံရသော ပြဿနာများကို သုတေသနဖြင့် လေ့လာဖြေရှင်းရမည် ဖြစ်ကြောင်း
- သက်သေအထောက်အထားများအပေါ် အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်ပြီး
ပညာရေး၏ အရည်အသွေးကို မြှင့်တင်ပေးရန်မှာ အရေးကြီးကြောင်းနှင့် ပညာရေးသုတေသနနှင့် ဆန်းသစ်တီထွင်မှုတို့တွင် နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံများကို မျှဝေနိုင်ပြီး ကမ္ဘာ့အဆင့်အတန်းနှင့်ကိုက်ညီသော ပညာရေးကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊
မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့်တန်ဖိုးများကို ထိန်းသိမ်းရင်း ကမ္ဘာနှင့်ချိတ်ဆက်နိုင်သော Global Citizens များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊
လူ့သမိုင်းတွင် နည်းပညာသည် အကြိမ်ကြိမ် ပြောင်းလဲခဲ့ပါသော်လည်း ဆရာ၏ တာဝန်နှင့်ကျင့်ဝတ် သည်မပြောင်းလဲကြောင်း၊ ဆရာတစ်ဦး၏ အကြီးမားဆုံးအချက်မှာ မိမိ၏ အပြုအမူ၊ စာရိတ္တနှင့် စံနမူနာကောင်းများ ဖြစ်ရန်လိုအပ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် ဆရာပြောသော စကားများကို မေ့သွားနိုင်သော်လည်း ဆရာ့၏ စေတနာ၊ မျှတမှု၊ ရိုးသားမှုနှင့် လေးစားမှုတို့ကို မေ့နိုင်မည်မဟုတ်ကြောင်းနှင့် ဆရာတစ်ဦး၏ ခေါင်းဆောင်မှုသည် အာဏာဖြင့် မဟုတ်ဘဲ စံနမူနာဖြင့် ဦးဆောင်ခြင်း ဖြစ်ရကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဘွဲ့ရမောင်မယ်တို့၏လက်ထဲတွင် ဘွဲ့လက်မှတ်တစ်စောင် ရှိနေသလို နှလုံးသားထဲတွင် လည်းရိုးသားမှု၊ တာဝန်ယူမှု၊ စာနာမှုနှင့် ဝန်ဆောင်မှုပေးလိုသော စိတ်ဓာတ်ရှိနေမှသာ ထိုဘွဲ့၏ တန်ဖိုးသည် ပြည့်စုံလာမှာ ဖြစ်ပါကြောင်း၊
ယခုရရှိသော ဘွဲ့လက်မှတ်သည် တာဝန်အသစ်၏ အစပြုခြင်း၊ သင်ယူမှုအသစ်၏ တံခါးဖွင့်ခြင်းနှင့် လူ့အဖွဲ့အစည်းအတွက် ဝန်ဆောင်မှုပေးမည့် ကတိကဝတ်၏ သင်္ကေတဖြစ်ပါကြောင်း၊
ပညာကို အလင်းအဖြစ် အသုံးချပြီး ကျင့်ဝတ်ကို အခြေခံအုတ်မြစ်အဖြစ် ထိန်းသိမ်းရန်၊ သုတေသနကို ဖွံ့ဖြိုးတိုးတက်မှု၏ အင်အားအဖြစ် အသုံးချပြီး၊ နည်းပညာကို လူသားအကျိုးအတွက် အသုံးချရန်နှင့် မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်နိုင်သော ဆရာကောင်းများ၊ ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားခဲ့ပါသည်။



