(၁၉-၆-၂၀၂၆)ရက်နေ့၌ ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတို့ ပူးပေါင်း၍ ယဉ်ကျေးမှုပြပွဲ Experiencing Intangible Cultural Heritage at Campus ကို ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင် ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံလုံး၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကျောင်းတွင်းရောက်လာခြင်း အစီအစဉ်များကို ကျောင်းသား၊ ကျောင်းသူများအား မိတ်ဆက် ပြသခဲ့သည်။
အဆိုပါပွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ် နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ပုဂံအက၊ တရုတ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊များ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာနိုင်ငံ Anhui Chamber of Commerce နှင့် China-Myanmar Cooperation Economic Development Association တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြခန်းတွင်ပြသထားသော ပန်းချီကားများကို လှည့်လည်ကြည့်ရှုပြီး တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် မြနမာ့သဘာဝအလှအပများ၊ ရှုခင်းများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့များကို ဖော်ကျူးထားသော ပန်းချီများကို ရေးဆွဲသူကိုယ်တိုင်က ရှင်းလင်းပြသခဲ့ပါသည်။
ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က ဤယဉ်ကျေးမှုဖလှယ်ပွဲ အတွေ့အကြုံများသည် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် အလွန်အဖိုးတန်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်ဆရာ၊ ဆရာမများဖြစ်သည့်အတွက် ယခုပွဲမှ ရရှိသော အတွေ့အကြုံ၊ အသိပညာ၊ ဗဟုသုတများကို စာသင်ခန်းများတွင် ပြန်လည် ဖြန့်ဝေနိုင်မည် ဖြစ်ပြီး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရန် မိမိတို့တွင် တာဝန်ရှိကြောင်း အသိပညာများရရှိပြီး၊ အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပုံဖော်ပေးနိုင်မည့် မျိုးဆက်သစ်လူငယ်များကို များစွာပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။















